လူသိနည်းသေးတဲ့ စတီးရွိုက်ရဲ့ ဘေးထွက်ဆိုးကျိုးများ
စတီးရွိုက်လို့ ပြောရင် ဘာမှန်း သေချာမသိကြပေမယ့် စတီးရွိုက်တွေကို စပ်ဆေးတွေ၊ မသုံးသင့်ဘူးလို့ ကြေငြာခံထားရတဲ့ တချို့သော တိုင်းရင်းဆေးတွေကနေ မသိလို့ပဲ ဖြစ်ဖြစ်၊ သိရဲ့နဲ့ ဖြစ်ဖြစ် အလွယ်တကူ သောက်သုံးနေကြပါတယ်။
စတီးရွိုက်ကို ရောဂါတွေ တော်တော်များများကို သက်သာစေတဲ့ နတ်ဆေးတမျှ အထင်မှားနေကြပေမယ့် သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေး ဆိုသလို ထင်ရာစိုင်း သုံးစွဲနေမှုတွေကြောင့် များပြားလှတဲ့ စတီးရွိုက်ရဲ့ ဆိုးကျိုးတွေကို ခံစားနေရသူတွေလည်း များပြားလှပါတယ်။
စတီးရွိုက်ဆိုတာဘာလဲ?
စတီးရွိုက်ဆိုတာ ကျောက်ကပ်တစ်ခုစီရဲ့ အပေါ်မှာ ကပ်လျက်ရှိတဲ့ အက်ဒရီနယ်ဂလင်းလေးနှစ်ခုကနေ ထုတ်လုပ်ပေးတဲ့ ဟော်မုန်းပါ။ အဲဒီဟော်မုန်းကို တုပထုတ်လုပ်ထားတဲ့ ဆေးဖြစ်ပြီး ရောင်ရမ်းမှုတွေ သက်သာစေဖို့နဲ့ ကိုယ်ခံအားစနစ်ကို ဖိနှိပ်ဖို့ အသုံးပြုလေ့ ရှိပါတယ်။
ပန်းနာရင်ကြပ်ရောဂါ၊ အဆစ်အမြစ် ရောင်ရမ်းနာ၊ နှင်းခူရောဂါ၊ အင်ပြင်ထခြင်း၊ သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာ၊ နာတာရှည်အဆုတ်လေပြွန်ကျဥ်းတဲ့ရောဂါ (COPD)၊ auto-immune diseases လို့ခေါ်တဲ့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ပြန်လည် တိုက်ထုတ်တဲ့ ရောဂါတွေမှာ စတီးရွိုက်ကို သုံးတတ်ကြပါတယ်။
ဆိုးကျိုးတွေက ဘာလဲ?
ဆိုးကျိုးတွေက အောက်ပါ အချက်တွေပေါ်မှာ မူတည်ပါတယ်။
- ဆေးရဲ့ ပုံသဏ္ဍာန်- ရှူဆေး၊ ထိုးဆေး၊ သောက်ဆေး၊ လိမ်းဆေး စသည်
- ဆေးပမာဏ (ဆေးပမာဏ များလေ ဆိုးကျိုးများလေပါ)
- ဘယ်လောက်ကြာအောင် သုံးစွဲသလဲ (၃ ပတ်ထက် ကျော်ပြီး မသုံးသင့်ပါဘူး၊ ကြာကြာသုံးလေ ဆိုးကျိုးများလေပါ)
- အသက်အရွယ် (ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေက ကိုယ်ခံအားနည်းလို့ ဆိုးကျိုး ပိုခံရပါတယ်)
(1) စတီးရွိုက် သောက်ဆေး
စတီးရွိုက်သောက်ဆေးကို ၃ ပတ်ထက်ပိုပြီး သောက်သုံးတဲ့အခါ…
- ဝက်ခြံတွေထွက်လာတာ
- ကြွက်သားတွေ အားနည်းတာ
- စိတ်တိုစိတ်ဆတ်၊ စိတ်ဂနာမငြိမ်ဖြစ်တာ၊ စိတ်အပြောင်းအလဲ မြန်တာ
- မျက်နှာမှာ အဆီတွေစုပြီး မျက်နှာက ပြည့်ဖောင်းသလို ဖြစ်လာတာ
- အစာစားချင်စိတ်ကို ဖြစ်စေပြီး ဝလာစေတာ (ဝဆေးအမည်ခံဆေးတချို့ဟာ စတီးရွိုက်တွေ ထည့်ထားတာပါ)
- အရိုးတွေ ပါးလာ၊ ပွလာတာ
- ထိခိုက်မိရင် အညိုအမည်း စွဲလွယ်တာ
- အနာမကျက်တာ
- ဆီးချိုဖြစ်စေတာ သို့မဟုတ် ရှိပြီးသား ဆီးချိုကို ပိုဆိုးစေတာ
- သွေးဖိအားများစေပြီး သွေးတိုးဖြစ်စေတာ
- မျက်စိ အတွင်းတိမ်နဲ့ ရေတိမ် ဖြစ်စေတာ
- အစာအိမ်အနာဖြစ်တာ
- ရောဂါပိုး ဝင်လွယ်တာ (အထူးသဖြင့် ရေကျောက်၊ ဝက်သက်၊ ရေယုန် စသည်)
- ကလေးတွေမှာ ဆိုရင် ကြီးထွားမှုနှုန်း နှေးသွားရပ်သွားတာ စတဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။
(2) စတီးရွိုက် ထိုးဆေး
ထိုးဆေးက သွေးကြောထဲကို တိုက်ရိုက် ထိုးထည့်ရတာ ဖြစ်လို့ ဆိုးကျိုးတွေက ပိုပြင်းထန်နိုင်ပြီး အထက်မှာ ဖော်ပြထားတဲ့ သောက်ဆေးကြောင့် ရနိုင်တဲ့ ဆိုးကျိုးတွေအပြင်…
- ထိုးတဲ့နေရာမှာ ရောဂါပိုးဝင်ပြီး အနာဖြစ်တာ
- အရေပြားက နီရဲလာတာ၊ အရောင်ပြောင်းသွားတာတွေ ဖြစ်နိုင်ပါတယ်။ တစ်နေရာမှာ ၃ ကြိမ်ထက် ပိုပြီး မထိုးမိဖို့ သတိထားရပါမယ်။
(3) စတီးရွိုက် ရှူဆေး
ရှူဆေးဟာ သုံးသင့်တဲ့ ပမာဏသာ သုံးရင် ဆိုးကျိုးမရှိသလောက် နည်းတယ်လို့ ပြောလို့ရပါတယ်။ အနည်းသော ဆိုးကျိုးတွေကတော့…
- ပါးစပ်နာ၊ လည်ချောင်းနာတာ
- နှာခေါင်းသွေးထွက်တာ
- အသံဝင်၊ အသံသြလာတာ
- ချောင်းဆိုးတာ
- ပါးစပ်ထဲမှာ မက်ခရုပေါက်တာတွေ ဖြစ်နိုင်ပါတယ်။
နာတာရှည် လေပြွန်ကျဥ်းရောဂါ (COPD) ရှိတဲ့ လူနာတွေဟာ စတီးရွိုက်ရှူရာမှတဆင့် အဆုတ်ထဲ ပိုးဝင်ပြီး နမိုးနီးယားအဆုတ်ရောင်ရောဂါ ဖြစ်တာမျိုး တခါတရံ ဖြစ်တတ်ပါတယ်။
တန်ဆေးလွန်ဘေး ဆိုတဲ့ စကားရှိပါတယ်။ စတီးရွိုက်လိုဆေးဟာ ကောင်းကျိုးရှိသလို ဆိုးကျိုးလည်း များစွာရှိတဲ့အတွက် ဆရာဝန်ညွှန်ကြားချက် မပါဘဲ မသုံးသင့်တဲ့ ဆေးပါ။ ဆရာဝန်နဲ့ သေချာဆွေးနွေးပြီး ကောင်းကျိုးက ဆိုးပြစ်ထက် များမှသာ သတိထားပြီး သုံးစွဲသင့်ပါတယ်။
ဘယ်လိုရောဂါ၊ ဘယ်လိုလူနာတွေမှာ စတီးရွိုက်ကို သတိထားသုံးသင့်သလဲဆိုတာကို နောက်တစ်ခါ ပြောပြပေးမှာမို့ စောင့်မျှော်ဖတ်ရှုပေးကြပါနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် Share ပေး၊ Mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်